Calhoun ကောင်တီရှိပထမမျိုးဆက် မြန်မာကလေးများ၏ “Catching the Dream”

Catching the Dream Learning Center  သင်ယူရေးစင်တာသည် Calhoun ကောင်တီတွင် ပထမဆုံး မြန်မာဘာသာစကားဖြင့် သင်ကြား ပို့ချမှုကိုပေးသော မူကြိုကလေးများအစီအစဉ်ဖြစ်ပြီး လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်း မြန်မာ ဒုက္ခသည်နှင့် ရွှေ့ပြောင်းနေထိုင်သူ ထောင်ပေါင်းများစွာ ဤဒေသတွင် အခြေချနေ ထိုင်ခဲ့ ကြသည့်နေရာ ဖြစ်သည်။ ရပ်ရွာခေါင်းဆောင်များနှင့် ဒေသခံအဖွဲ့အစည်းများ၏ လက်ရှိခန့် မှန်းချက် အရ Battle Creek နှင့် Springfield ဒေသတွင် မြန်မာလူဦးရေ စုစုပေါင်း ၃၀၀၀ ခန့်ရှိမည် ဖြစ်ပါသည်။ 

Getting your Trinity Audio player ready...

Read this story in English here.

Battle Creek တွင်တည်ရှိသော Catching the Dream Learning Center  သင်ယူရေးစင်တာသည် Calhoun ကောင်တီတွင် ပထမဆုံး မြန်မာဘာသာစကားဖြင့် သင်ကြား ပို့ချမှုကိုပေးသော မူကြိုကလေးများအစီအစဉ်ဖြစ်ပြီး လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်း မြန်မာ ဒုက္ခသည်နှင့် ရွှေ့ပြောင်းနေထိုင်သူ ထောင်ပေါင်းများစွာ ဤဒေသတွင် အခြေချနေ ထိုင်ခဲ့ ကြသည့်နေရာ ဖြစ်သည်။ ရပ်ရွာခေါင်းဆောင်များနှင့် ဒေသခံအဖွဲ့အစည်းများ၏ လက်ရှိခန့် မှန်းချက် (Current estimates) အရ Battle Creek နှင့် Springfield ဒေသတွင် မြန်မာလူဦးရေ စုစုပေါင်း ၃၀၀၀ ခန့်ရှိမည် ဖြစ်ပါသည်။ 

အိမ်တွင်းသုံးဘာသာစကားများ (မိခင်ဘာသာစကား)၊ ယဉ်ကျေးမှုဆိုင်ရာ အလေ့အကျင့်မှုများ အကြား ကလေးသူငယ်များ၏ ကမ္ဘာနှစ်ခုကို တစ်ပြိုင်နက် ဖြတ်သန်းသွားလာနေရသည့် ပထမမျိုးဆက် မိသားစုများ၏ လက်တွေ့ဘဝထဲရှိ အစောပိုင်း သင်ယူမှု ပတ်ဝန်းကျင်များတွင် ပွားများလာနေသော လိုအပ်ချက်များကို တုံ့ပြန်သည့်အနေဖြင့် ဤစင်တာ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါသည်။

အမှုဆောင်ဒါရိုက်တာ Lashi Mai က ဒီစိတ်ကူးဟာ ကိုယ်တွေ့အတွေ့အကြုံနှင့် ရပ်ရွာ တစ်လျှောက် သူမလေ့လာတွေ့ရှိခဲ့သည့်အရာ နှစ်ရပ်လုံးအပေါ်တွင် အခြေခံ၍ ပေါ် ပေါက်လာ ခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြပြောဆိုပါသည်။

“ကိစ္စအများစုမှာ မိဘတွေက အင်္ဂလိပ်စကားကိုကောင်းကောင်းမပြောတတ်ကြဘူး၊ ဒီနိုင်ငံမှာ ကြီးပြင်းလာတဲ့ ကလေးတွေကလည်း သူတို့ရဲ့ အိမ်တွင်းသုံးဘာသာစကားများ (မိခင်ဘာသာစကား) ကို ကောင်းကောင်း မပြောတတ်ကြဘူး။” လို့ သူမက ပြောပါသည်။ “မိသားစုထဲမှာ ဆက်သွယ်ပြောဆိုဖို့ ခက်ခဲပါတယ်။ မိသားစုတော်တော်များများလည်း အလားတူစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတာကို ကျွန်မတွေ့ခဲ့ရပြီး ကလေးတွေ လေ့လာ သင်ယူနိုင်ပြီး မိသားစုတွေလည်း ဘာသာစကားနဲ့ ယဉ်ကျေးမှုကနေတစ်ဆင့် ချိတ်ဆက်နိုင်တဲ့ နေရာတစ်ခုကို ဖန်တီးချင်ခဲ့တာပါ။”

ယဉ်ကျေးမှုနှင့် လိုက်လျောညီထွေဖြစ်သော သင်ယူမှုပတ်ဝန်းကျင်တစ်ခု ဖန်တီးခြင်း

Mai ရဲ့ အဆိုအရ အဖွဲ့သည် ကျောင်းရောက်ချိန်မှ ကျောင်းဆင်းချိန်အထိ တစ်နေ့တာ၏ အစိတ်အပိုင်းတိုင်းတွင် ဘာသာစကားဆိုင်ရာ အသုံးပြုနိုင်မှုကို တည်ဆောက် နိုင်ရန် အတွက်  စင်တာကို ဒီဇိုင်းထုတ်ခဲ့ပါတယ်။ ဆရာ၊ ဆရာမများသည် ဟားခါးချင်း၊ တီးတိန်၊ ဗမာ၊ ဖလမ်းနှင့် အခြားဘာသာစကားများ အပါအဝင် ဒေသိယစကားအမျိုးမျိုးကို ပြောဆိုနိုင် ကြတဲ့အတွက် ကလေးတစ်ဦးတစ်ယောက်မျှ ဘာသာစကားကွဲပြားမှုကြောင့် အထီးကျန်မှုကို မခံစားရစေရန် သေချာစေပါသည်။

မြန်မာဘာသာစကား အထောက်အပံ့မပါဘဲ အမေရိကန်ကျောင်းများတွင် တက်ရောက်ခဲ့သော လက်ထောက်ဆရာမ Christine Par က စင်တာ၏ အရေးပါမှုကို ချက်ချင်းနားလည် သွား ကြောင်း ပြောကြားခဲ့သည်။

“ကျွန်မတို့ သူတို့နဲ့ တစ်ဦးချင်းစီ စကားပြောတဲ့အခါ၊ ကစားချိန်ပဲဖြစ်ဖြစ်၊ ဆရာ/ဆရာမ တစ်ယောက်ချင်းစီနဲ့ စကားပြောဖို့ လိုအပ်လာတဲ့ အခါတွေမှာပဲဖြစ်ဖြစ်၊ ကျွန်မတို့က သူတို့ရဲ့ မိခင်ဘာသာစကားကို အတတ်နိုင်ဆုံး အသုံးပြုလေ့ရှိပါတယ်” ဟု Par က ပြောသည်။ “ကျွန်မတို့ရဲ့ ဆရာ/ဆရာမ အများစုဟာ ဒေသိယစကား နှစ်မျိုး သို့မဟုတ် နှစ်မျိုးထက်ပိုပြီး နားလည် တတ်ကျွမ်းကြပါတယ်။”

Par က ဒုက္ခသည်လူဦးရေ များပြားသောအသိုင်းအဝိုင်းများတွင်ပင်  ဤဘာသာစကားဆိုင်ရာ လက်လှမ်းမီမှုအဆင့်သည် မူကြိုကလေးဘဝ အခြေအနေတွေမှာ ရှားပါးတယ်လို့ မှတ်ချက်ပြု ပါတယ်။ သုတေသနပြုချက် (dual-language learners in classrooms without bilingual staff experience significantly fewer conversational interactions) က သူမ၏ လေ့လာတွေ့ရှိချက်ကို အထောက်အကူပြု ပံ့ပိုးပေးပါသည်။ ဘာသာစကား နှစ်မျိုး ပြောတတ်တဲ့ ဝန်ထမ်းများ မရှိသည့် စာသင်ခန်းများတွင် နှစ်ဘာသာပြော လေ့လာသင်ယူ နေရ သောကလေးများသည် စကားပြောဆိုဆက်ဆံမှု သိသိသာသာ နည်းပါးပြီး ၎င်းတို့၏ လိုအပ် ချက်များကို ဖော်ပြနိုင်စွမ်းနှင့် မူကြိုတက်သည့်အခါ ၎င်းတို့သင်ယူ တတ်မြောက်ထားသည့် အရာများ ပြန်လည်ပြသနိုင်စွမ်းကို ကန့်သတ်ထားကြောင်း လေ့လာမှုများက ဖော်ပြပါသည်။

ကလေးများ၏ အိမ်တွင်းသုံးဘာသာစကားများ (မိခင်ဘာသာစကား) အသုံးပြုခြင်းသည် ကျောင်းသားများ၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို မြှင့်တင်ပေးရုံသာမက ကျောင်းသားများနှင့် ဝန်ထမ်းများအကြား ယုံကြည်မှုကိုလည်း တည်ဆောက်ပေးသည်ဟု Par က ပြောသည်။

“ဒီမှာ ကလေးအများစုဟာ အိမ်ကပြောတဲ့ ဘာသာစကားနဲ့ အတူတူပဲ ကြားရတာကြောင့် စာသင်ခန်းထဲမှာ သက်တောင့်သက်သာရှိစေပါတယ်” ဟု သူမက ပြောသည်။ “သူတို့က အင်္ဂလိပ်နဲ့ မြန်မာ နှစ်မျိုးလုံးနဲ့ ကျွန်မတို့ကို စကားပြောရတာ နှစ်သက်ကြပါတယ်။” 

စင်တာသည် ကစားခြင်း၊ လူမှုရေး-စိတ်ခံစားမှု ဖွံ့ဖြိုးတိုးတက်မှုနှင့် ဘာသာစကားကြွယ်ဝသော အပြန်အလှန် ဆက်သွယ်မှုများကို အလေးပေးသည့် သုတေသနအခြေခံ ချဉ်းကပ်မှု တစ်ခုဖြစ်သည့် Creative Curriculum ကို အသုံးပြုထားပါသည်။ သင်ရိုးညွှန်းတမ်းသည် ပြောင်းလွယ်ပြင်လွယ်ရှိပြီး ပရောဂျက်အခြေပြုဖြစ်သောကြောင့် ဝန်ထမ်းများသည် အင်္ဂလိပ် နှင့် မြန်မာဘာသာ နှစ်မျိုးလုံးဖြင့် သင်ခန်းစာများကို လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်နိုင်ပြီး တစ်နေ့တာလုံး ယဉ်ကျေးမှုဆိုင်ရာ ပုံပြင်များ၊ သီချင်းများနှင့် ပွဲတော်များကို ထည့်သွင်း သင်ကြား ပို့ချပေးနိုင်ပါသည်။

“ငယ်ရွယ်တဲ့ မျိုးဆက်သစ်တွေ သူတို့ဘယ်သူလဲဆိုတာကို ဂုဏ်ယူနိုင်အောင် ကျွန်မတို့က ပံ့ပိုးပေးချင်ပါတယ်” ဟု Mai က ပြောပါသည်။ “ပြီးတော့ မိဘတွေနဲ့ အဘိုးအဘွားတွေကို ကျွန်မတို့ရဲ့ ကိုယ်ပိုင်ရိုးရာဓလေ့များကို လေးစားလိုက်နာရင်း အမေရိကန်ယဉ်ကျေးမှုအတွင်း ကလေးသူငယ်ဖွံ့ဖြိုးမှုနဲ့ မိဘအုပ်ထိန်းမှုကို နားလည် စေလိုပါသည်။”

အမေရိကန်ကျောင်းအတွက် အသင့်ဖြစ်စေရန် သင်ကြားပေးခြင်းနှင့်အတူ ယဉ်ကျေးမှုဆိုင်ရာ အမှတ်လက္ခဏာကို ထိန်းသိမ်းသည့် ဤနှစ်ထပ်ချဉ်းကပ်မှုသည် Catching the Dream အား ရွှေ့ပြောင်းမိသားစုများကို ဝန်ဆောင်မှုပေးသည့် ပုံမှန်မူကြိုအစီအစဉ်များအကြား ထူးခြားစွာ ကွဲပြားနေကြောင်း ခွဲခြားသိမြင်စေပါသည်။

မိသားစုလိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း

မိဘများစွာအတွက် ဤစင်တာသည် ငယ်စဉ်ကလေးဘဝ(မူကြို)ပညာရေးထက်များစွာပို၍ ပံ့ပိုးပေးပါသည်။ မိသားစုများ၏ အလုပ်လိုအပ်ချက်များ၊ သယ်ယူပို့ဆောင်ရေးအခက်အခဲများ၊ အင်္ဂလိပ်စာကျွမ်းကျင်မှု အကန့်အသတ်ရှိခြင်းနှင့် အမေရိကန်ကျောင်းစနစ်များနှင့် မရင်းနှီး ခြင်းတို့ကြောင့် မကြာခဏ ရင်ဆိုင်ရုန်းကန်နေရသည့် အသိုင်းအဝိုင်းတွင် ၎င်းသည် ခိုင်မာ၍ အဓိကကျသော အဖွဲ့အစည်းတစ်ခု ဖြစ်လာခဲ့ပါသည်။

ကျောင်းသူ တစ်တစ်ဦး၏ မိခင်ဖြစ်သော Holy Sung သည် ​​မသန်စွမ်းကလေးတစ်ယောက် အပါအဝင် ကလေးသုံးယောက်ကို ပြုစုစောင့်ရှောက်ရင်းနဲ့ မသန်စွမ်းမိဘများကိုပါ ထောက် ပံ့ပေးရင်း လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဤစင်တာအကြောင်းကို သိရှိခဲ့ခြင်းဖြစ်သည်။

“ကျွန်မ သင်ယူရေးစင်တာအမျိုးမျိုးကို ကြည့်ခဲ့ပေမယ့် ကျွန်မသမီးကို ဘယ်လိုများ ဆက်ဆံ ကြမလဲ ဆိုတာကို အမြဲစိုးရိမ်နေခဲ့ပါတယ်” လို့ သူမက ပြောပါတယ်။ “သူမကို Catching the Dream မှာ ကျောင်းထားပြီးနောက် စိတ်ငြိမ်းချမ်းမှုကိုရခဲ့ပါတယ်။ ကျွန်မက ကောင်းရဲ့ လုပ်ဆောင်မှု (မစ်ရှင်) နဲ့  ဆရာ/ဆရာ/မတွေကို ယုံကြည်တယ်။”

ဝန်ထမ်းတွေရဲ့ ယဉ်ကျေးမှုဆိုင်ရာ နားလည်မှုက သူမရဲ့ စိုးရိမ်ပူပန်မှုတွေကို ချက်ချင်း သက်သာစေတယ်လို့ Sung က ပြောပါတယ်။ ဆရာ/မတွေက သူမရဲ့ အငယ်ဆုံးကလေးကို ကျောပိုးပေးတာက မြန်မာအိမ်ထောင်စုတွေမှာ အဖြစ်များပေမယ့် အမေရိကန်စင်တာ အများစု မှာတော့ မဟုတ်ပါဘူး။

“ကျောင်းနှစ်ကုန်မှာ ကျွန်မသမီးဟာ သူမရဲ့နာမည်ကို ဘယ်လိုရေးရမလဲဆိုတာ သိလာပြီး နာမ်စားတွေကို စတင်အသုံးပြု တတ်လာခဲ့တယ်” ဟု Sung က ပြောပါသည်။ “သူမဟာ လူမှုရေးနဲ့ စိတ်ခံစားမှုဆိုင်ရာတွေမှာ သင်ယူပြီး ကြီးထွားလာခဲ့ပါတယ်”

ပညာရေးအပြင်၊ ဤစင်တာသည် လစဉ်ကျောင်းသားမိဘများအား နံနက်စာစားပွဲများ၊ နည်းပြသင်တန်းများနှင့် အသိုင်းအဝိုင်းအရင်းအမြစ်များ လာရောက်ပူးပေါင်း ဆောင်ရွက်မှု အစီအစဉဥများကို လက်ခံပြုလုပ်ကျင်းပ‌ ပေးလျှက်ရှိပါသည်။

 “မိသားစုတွေကို ဘယ်လိုကိုယ့်ကိုကိုယ် ဂရုစိုက်နားထောင်ရမလဲ၊ အဖြေတစ်ခုခု လိုအပ်လာတဲ့အခါ မေးခွန်းတွေကို ဘယ်လိုမေးရမလဲဆိုတာတွေကို ကျွန်မတို့က စူးစမ်းလေ့လာဖို့ ကူညီပေးပါတယ်” ဟု Sung က ပြောပါသည်။ “ကျွန်မတို့က မိသားစုတွေကို ကားထိုင်ခုံရရှိရေး အစီအစဉ်တွေနဲ့ ချိတ်ဆက်ပေးတယ်၊ ကျန်းမာရေးနှင့် လူသားဝန်ဆောင် မှုဌာနရဲ့ ပုံစံ (Department of Health and Human Services forms) တွေကို ဖြည့်စွက်ရာမှာလည်း မိသားစုတွေကို ပံ့ပိုးပေးတယ်၊ စိတ်ကျန်းမာရေး အရင်း အမြစ်တွေ ကိုလည်း ပေးဆောင်ပါတယ်။” 

ဤကဲ့သို့သော စုဝေးပွဲများကို ပြုလုပ်ကျင်းပ ပေးခြင်းအားဖြင့် စိတ်ကျန်း မာရေးနှင့်ပတ်သက်သည့် အမည်းစက်ကို လျှော့ချပေးပြီး အမေရိကန်ကျောင်းများ၏ မျှော်လင့်ချက်များကို သင်ကြားပေးကာ မိသားစုများအား ၎င်းတို့၏ ဆွေမျိုး မိသားစုများအတွင်း၌ပင် မျှဝေရန်ခက်ခဲနိုင်သည့် စိန်ခေါ်မှုများကို ဆွေးနွေးရန် ဘေးကင်းသော နေရာတစ်ခုကို ဖန်းတီးပေးပါသည်။

Mai က ရွှေ့ပြောင်းနေထိုင်စဉ်အတွင်း မိသားစုများစွာက ဆုံးရှုံးခဲ့ရသော အဖွဲ့အစည်း စိတ်ဓာတ် ကို ပြန်လည်တည်ဆောက်ရန်မှာ အဓိကရည်မှန်းချက်ဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။

“စင်တာ မတည်ရှိမီက ဘုရားကျောင်းသည် တစ်ခုတည်းသော အဖွဲ့အစည်း၊ စုဝေးရာ နေရာဖြစ်ပြီး ထိုနေရာ၌ လူများသည် ဒေသိယစကားအမျိုးမျိုး ပြောဆိုကြသည်” ဟု သူမက ပြောသည်။ “ကျွန်ုပ်တို့က မိသားစုများအချင်းချင်း ချိတ်ဆက်ကြပြီး နိုင်ငံသစ်တစ်ခုတွင် မိဘအုပ်ထိန်းမှုအကြောင်း ဆွေးနွေးရန် နေရာတစ်ခု ရှိစေလိုပါသည်။”

အစောပိုင်းသက်ရောက်မှုနှင့် ရေရှည် ရှုပါရုံ

ဖွင့်လှစ်ချိန်မှစ၍ ဝန်ထမ်းများသည် ကျောင်းသားများအတွင်း အထူးသဖြင့် ဘာသာစကား ဖွံ့ဖြိုးတိုးတက်မှု၊ ယုံကြည်မှုနှင့် လူမှုရေး-စိတ်ခံစားမှုဆိုင်ရာ ကျွမ်းကျင်မှုများတွင် ဖွံ့ဖြိုး တိုးတက်လာကြောင်းကို အစီရင်ခံကြပါသည်။

“ကလေးတွေဟာ အင်္ဂလိပ်စကားလုံးတွေကို နားလည်အောင် သူတို့ရဲ့ အိမ်သုံးဘာသာစကားကို အသုံးပြုတဲ့အတွက် ပိုမိုအားကောင်းပြီး အဆင့်မြင့်တဲ့ ဘာသာစကားစွမ်းရည်တွေ ဖွံ့ဖြိုးလာပါတယ်” လို့ Mai က ပြောပါတယ်။ “မိသားစုတွေဟာ သူတို့ရဲ့ ကလေးတွေရဲ့ သင်ယူမှုကဏ္ဍမှာ ပိုပြီးပါဝင်လာကြပါတယ်။”

ဒီစင်တာဟာ မြန်မာလူမျိုးများအတွက် အစောပိုင်း မူကြိုပညာရေးနည်းပြ ဆရာ/ဆရာမများ မလုံလောက်မှု ပြဿနာကိုလည်း ဖြေရှင်းပေးနိုင်ရန် ဆောင်ရွက်နေပါတယ်။

 “ကျွန်မတို့က လူတွေကို ပညာရေးကို လေ့လာလိုက်စားဖို့ အားပေးရမှာဖြစ်ပြီး လေ့ကျင့်ရေးနဲ့ လိုင်စင်ချထားပေးမှုတွေနဲ့ ပံ့ပိုးပေးရပါမယ်” လို့ Mai က ပြောပါတယ်။

အနာဂတ်ကို မျှော်ကြည့်မယ်ဆိုရင် Catching the Dream ဟာ Mai မြင်တွေ့ထားတဲ့ လက်ရှိလိုအပ်ချက်တွေကို ဖြေရှင်းဖို့ မြန်မာလူဦးရေများပြားတဲ့ တခြားလူမှုအသိုင်းအဝိုင်း အဖွဲ့အစည်း တွေကြားထဲမှာပါ တိုးချဲ့သွားဖို့ စီစဉ်ထားပါတယ်။

“ကျွန်မတို့က မြန်မာလူဦးရေ ၃၀၀၀ ကျော်ရှိတဲ့ Grand Rapids မှာ နောက်ထပ်စင်တာတစ်ခု ဖွင့်လှစ်ဖို့ စီစဉ်ထားပါတယ်” လို့ သူမက ပြောပါတယ်။ “ပြီးတော့ နောက်ပိုင်းမှာ မြန်မာ လူဦးရေ ၄၀,၀၀၀ ကျော်ရှိတဲ့ Indianapolis မှာလည်း စင်တာတစ်ခု ထပ်မံဖွင့်လှစ်နိုင်ဖို့ မျှော်မှန်း ထားပါတယ်။”

ဒီတိုးတက်မှုဟာ W.K. Kellogg Foundation, United Way, the Battle Creek Community Foundation, CISC နဲ့  ပြည်နယ်အေဂျင်စီ အသီးသီးတို့ရဲ့  ခိုင်မာတဲ့ လူမှုအသိုင်းအဝိုင်း မိတ်ဖက်မှုတွေနဲ့ ပရဟိတပံ့ပိုးကူညီမှုတွေအားဖြင့်သာ ဖြစ်မြောက်နိုင်ခဲ့တာပါ လို့ သူမက ထောက်ပြ ပြောဆိုခဲ့ ပါတယ်။

“ဒီပံ့ပိုးမှုတွေသာမရှိခဲ့ရင် ကျွန်မတို့ရဲ့ အသိုင်းအဝိုင်းအဖွဲ့အစည်းရဲ့ လိုအပ်ချက်တွေကို ပံ့ပိုးပေးဖို့ အရမ်းခက်ခဲမှာပါ” ဟု Mai က ပြောပါသည်။”

English to Burmese translation by The Burma Center.

Photos by John Grap.

ဤစီးရီးသည် ကလေးသူငယ်များအတွက် အစောပိုင်းပညာရေးဆိုင်ရာ အခွင့်အလမ်းများကို ပိုမိုဖန်တီးရန်  မစ်ရှီဂန်အတွင်း နေထိုင်သူများမှ အတူတကွလက်တွဲ လုပ်ဆောင်နေကြပုံကို မျှဝေပေးထားပါသည်။ ဤ  အစီအစဉ်အား   W.K. Kellogg Foundation     မှ ထောက်ပံ့ပေးသော ရန်ပုံငွေအားဖြင့် ဆောင်ရွက်နိုင်ခြင်း  ဖြစ်ပါသည် ။   

Author

Dr. Brianna Nargiso, a graduate of Howard University and Mercer University, specializes in media, journalism, and public health. Her work has appeared in The Root, 101 Magazine, and Howard University News Service, covering profiles, politics, and breaking news. A Hearst journalism award nominee and active member of the National Association for Black Journalists, she has also worked with Teach for America and the Peace Corps. A doctoral graduate of American University, Brianna is dedicated to advancing social justice, public health and education on a global scale.

Our Partners

Don't miss out!

Inspiration and ideas in your inbox every week.

Close the CTA

Already a subscriber? Enter your email to hide this popup in the future.